နေရင်းထိုင်ရင်း မျက်နှာတစ်ခြမ်းနာနေရတဲ့ အကြောင်းအရင်း
Trigeminal Neuralgia လို့ခေါ်တဲ့ မျက်နှာတစ်ခြမ်း ကိုက်ခဲခြင်းဟာ သွားတိုက်တဲ့အချိန်၊ မိတ်ကပ်လိမ်းတဲ့အချိန် စတဲ့ မျက်နှာကို အပျော့စား အထိအတွေ့များ ထိမိရုံမျှနဲ့ လျှပ်စစ်နဲ့အတို့ခံရလို့ နာကျင်ရတဲ့ ခံစားချက်မျိုးကို မျက်နှာရဲ့ တစ်ခြမ်းမှာ မချိမဆန့် နာကျင်ခံစားရခြင်း ဖြစ်ပါတယ်။ အစပိုင်းမှာတော့ တစ်ခါတစ်ရံမှသာ ခဏတာ ခံစားရပါတယ်။ သို့ပေမဲ့ မျက်နှာရဲ့ အာရုံခံစားရမှုကို ဦးနှောက်ဆီသို့ သယ်ဆောင်ပေးတဲ့ အာရုံကြော (Trigeminal Nerve) ယောင်ယမ်းခြင်း ပိုမိုဆိုးရွားလာတဲ့အခါ ဒီနာကျင်မှုဟာ တစ်ခါဖြစ်ရင် ပိုကြာတာမျိုး၊ နာတဲ့အကြိမ်ရေ ပိုစိပ်လာတာမျိုး ဖြစ်တတ်ပါတယ်။ အသက်၅၀ ကျော်တဲ့ လူကြီးတွေနဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်များတတ်တဲ့ ဝေဒနာတစ်မျိုးပါ။
Trigeminal Nerve ယောင်ယမ်းတဲ့ လက္ခဏာတွေကတော့
- မျက်နှာမှာ လျှပ်စစ်နဲ့တို့သလို စူးခနဲ နာကျင်တတ်တယ်။
- မျက်နှာကို ထိတဲ့အချိန်၊ အစာဝါးတဲ့အချိန်၊ စကားပြောချိန်၊ သွားတိုက်ချိန်တွေမှာ နာတတ်တယ်။ နာကျင်မှုဟာ မိနစ်စက္ကန့်ပိုင်းမျှ ကြာပါတယ်။
- မျက်နှာ အကြောလိုက်သလို ဖြစ်တတ်ပါတယ်။
- ပါး၊ မေးရိုး၊သွား၊ သွားဖုံး၊ နှုတ်ခမ်း၊ မျက်လုံးနဲ့ နဖူးတွေမှာပါ နာတတ်ပါတယ်။
- တစ်ကြိမ်ဖြစ်ရင် မျက်နှာရဲ့ တစ်ခြမ်းမှာပဲ ဖြစ်တတ်ပါတယ်။
- မျက်နှာရဲ့ တစ်နေရာကနေ စကာ ပိုပျံ့၊ ပိုနာလာတတ်တဲ့ ပုံစံနဲ့ ဖြစ်ပွားတတ်ပါတယ်။
Trigeminal Nerve ယောင်ယမ်းခြင်းဟာ
ဦးနှောက်ရဲ့ အခြေမှာရှိတဲ့ ဒီအာရုံကြောကို တစ်ခုခုဖိခံရခြင်းကြောင့် အာရုံကြောအလုပ်လုပ်နိုင်မှုကို တားဆီးခံရခြင်းဖြစ်ပါတယ်။ သွေးကြောများ (သို့) ဦးနှောက်အကြိတ် ဖိခံရတာ၊ မျက်နှာ ထိခိုက်ခံရတာ၊ လေဖြတ်ရောဂါ ၊ အာရုံကြောများကို ဖုံးအုပ်ပေးတဲ့ အလွှာများ ပျက်စီးတာ ၊ ခွဲစိတ်ချိန် မတော်တဆမှုများ စတဲ့အခြေအနေတွေမှာ Trigeminal Nerve ယောင်ယမ်းတတ်ပါတယ်။
ဒီအာရုံကြော ယောင်ယမ်းနာကျင်မှုကို ပိုဆိုးစေတဲ့ အနေအထားတွေကတော့ မျက်နှာကိုထိခြင်း၊ မုတ်ဆိတ်ရိတ်ခြင်း၊ စားသောက်ခြင်း၊ သွားတိုက်ခြင်း၊စကားပြောခြင်း၊ မိတ်ကပ်လိမ်းခြင်း၊ မျက်နှာသစ်ခြင်း၊ ပြုံးပြခြင်း၊ မျက်နှာကို လေညှင်းထိတွေ့ခြင်း စတဲ့ မျက်နှာကို ထိတဲ့ ဖြစ်စဉ်မှန်သမျှဟာ နာကျင်မှုကို လှုံဆော်စေပါတယ်။
ဒီ အာရုံကြောယောင်ယမ်းတတ်ခြင်းနဲ့ နေထိုင်ရတာဟာ ခက်ခဲပါတယ်။ လူဟာ ကိုယ်အလေးချိန်ကျတာ၊ သီးသန့်နေတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်တဲ့အထိ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
Trigeminal Nerve ယောင်ယမ်းခြင်းအတွက် ဆေးဝါးမှာတော့ အတက်ရောဂါအတွက် သောက်သုံးရတဲ့ Carbamazepine ဖြစ်ပါတယ်။ အာရုံကြောတွေရဲ့ လှုံဆော်မှုကို လျှော့ချကာ အာရုံကြောနာကျင်တာကို သက်သာစေနိုင်ပါတယ်။ ဒီဆေးကို နာကျင်တာ သက်သာတဲ့အထိ နှစ်ချီတဲ့အထိ အချိန်အတော်ကြာ သောက်ရနိုင်ပါတယ်။ နာကျင်မှုတွေ လျော့နည်းလာပြီး ရပ်တန့်သွားရင်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့ ဖြည်းဖြည်းချင်း ဆေးရပ်နိုင်ပါတယ်။
ဆေးဝါးနဲ့ မပျောက်ရင်တော့ အာရုံကြောလှုံဆော်မှုတွေ ရပ်တန့်သွားအောင် ဦးခေါင်းခွံရိုးကို ဖွင့်ကာ အာရုံကြောကို ဖိနေတဲ့ သွေးကြောတွေကို ဖယ်ရှားတဲ့ခွဲစိတ်မှု လိုကောင်း လိုနိုင်ပါတယ်။
အကယ်၍
- မျက်နှာတစ်ခြမ်းနာတယ်၊
- တစ်ခါဖြစ်ရင် ပိုကြာလာတယ်၊ ခဏခဏ နာလာပြီဆိုရင်၊
- အကိုက်အခဲပျောက်ဆေးများနဲ့ပါ မသက်သာတော့ရင်
သက်ဆိုင်ရာ ဦးနှောက်နဲ့ အာရုံကြောအထူးကုဆီ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။
ရေးသားသူ - ဒေါက်တာ မေမြတ်